ဓာတ်ဆီစော်နံနေတဲ့ ရေသန့်တစ်ခွက်



တစ်ခါက အသက်ကြီးပြီဖြစ်တဲ့ အဖိုးတစ်ယောက်က သွားရင်းလာရင်း ရေဆာလာတော့ လူတရုန်းရုန်းဖြစ် နေတဲ့ ဆိုင်တစ်ဆိုင်ထဲဝင်ပြီး ရေတစ်ခွက်တောင်းသောက်လိုက်တယ်။ ဒါနဲ့ဘဲဆိုင်ကလူတစ်ယောက်ကလည်း ဆေးကြောသန့်စင်ပြီး မောက်ထားတဲ့ ခွက်ထဲကို ရေသန့်ဘူးကြီးထဲက သောက်ရေသန့်ကို ထည့်ပြီး ရိုရိုသေသေေ ပေးလိုက်တယ်။ အဖိုးကလည်း ရေဆာနေတော့ တခါတည်း ယူပြီးမော့သောက်လိုက်ရှာတယ်။ ရေနှစ်ငုံလောက်ဘဲမြိုချကာရှိသေးတဲ့ချိန်မှာ သောက်နေရာကနေရပ်ပြီး အဖိုးက “သား မင့်ရေက ဓာတ်ဆီစော်နံနေတယ်”လို့ ပြောလိုက်တယ်။ ပြောပြီးတော့ ရေတအားဆာနေတော့ ၅ ဂလုလောက် ဆက်သောက်ပြီးရေခွက် ကိုပြန်ကမ်းပေးရင်း “သား ရေတော့ ရေသန့်ထင်ပါတယ်။ ခွက်က အနံ့ထွက်တော့ ရေပါဓာတ်ဆီနံ့ထွက်သွားတယ်နဲ့တူတယ်။ဘာဖြစ်ဖြစ်ကျေးဇူးပါကွယ်” လို့ဆိုပြီးခရီးဆက် သွားရှာတယ်တဲ့။
ရေတော့သန့်ပေမယ့် ခွက်က ဓာတ်ဆီနံ့ထွက်နေတော့ ဓာတ်ဆီနံ့ရတဲ့ရေ ဆိုပြီးခေါင်းစဉ်တပ်ခံရတာပေါ့။ ဒီခွက်ထဲ ဖျော်ရည်ထည့်ရင်လည်း ဓာတ်ဆီနံ့ရတဲ့ဖျော်ရည်ပါဆိုပြီး ပြောကြမှာအမှန်ဘဲ။ ဒီခွက်က ဓာတ်ဆီနံ့ရနေတာ မသိတာဘဲထည့်မိတာလား၊ သိသိရက်ထည့်လိုက်တာလား။ ဘယ်လိုဘဲဖြစ်ဖြစ် ဘာဘဲထည့်ထည့် ခွက်ကဓာတ်ဆီနံ့ထွက်နေသရွေ့တော့ ဓာတ်ဆီနံ့ထွက်နေတဲ့ အရာရယ်လို့ ဖြစ်နေမှာပါပဲ။ ခွက်ကနံနေတာလား ခွက်ထဲထည့်တဲ့ အရည်တွေက နံနေတာလားဆန်းစစ်ပြီး ခွက်ကနံနေတာဆို အနံ့ပျောက်တဲ့ထိ ဆေးကြောမှဘဲ ရေထည့်ရင် သန့်ရှင်းတဲ့ရေတစ်ခွက် ဆိုပြီးဖြစ်လာမှာလေ။
တခါခါ ကျွန်မတို့ဘဝမှာ ဘယ်သူက ကိုယ့်ကို ဘယ်လိုအကြည့်နဲ့ကြည့်တယ်၊ဘယ်သူက ငါ့ကို ဘယ်လိုစကားလုံးသုံးပြီးပြောတယ်၊ ဘယ်သူက ငါ့ကို ဘယ်လိုဆက်ဆံတယ်ချည်းတွေးနေချိန်၊ တကယ်တန်းကျတော့ ကိုယ်တိုင်က ဓာတ်ဆီနံ့ထွက်နေတဲ့ခွက်လို အဆိုးမြင်နေတာမျိုးဖြစ်နေတတ်ကြတယ်။ ဘယ်တုန်းက ဓာတ်ဆီထိလို့ ထိမိမှန်းမသိလိုက်ဘဲအနံ့ထွက်နေတဲ့ခွက်လို ဘာကြောင့်ရယ်မှန်းမသိ အဆိုးမြင်နေတဲ့အချိန်မှာ ကိုယ်မြင်နေကြားနေရတာတွေကဘဲ မကောင်းနေသလို ခံစားနေရတတ်ကြတာလေ။ဒီလိုသာဖြစ်နေတယ်ဆို မိမိကိုယ်ကို မြန်မြန်အသိ၊သတိရှိပြီး စိတ်ကို ကြည်ရှင်းနေအောင်ထားမှ တော်ကာကျမယ်မဟုတ်လား။
ခွက်ထဲထည့်တဲ့ အရာကိုချည်း နံတယ်၊နံတယ် ပြောတာမျိုး မဟုတ်ဘဲ နံနေတဲ့ခွက်ကို ဆေးကြောသန့်စင်ရသလို ကိုယ့်မှာ ပင်ကိုယ်ရှိနေတဲ့ အကြည်ဓာတ်လေး ပြန်ရလာလေအောင် သတိမူပြီး မကောင်းတဲ့အရာများကိုရှင်းထုတ်နိုင်ကြမှသာ ကိုယ်လည်းစိတ်ကြည်မယ်၊သူများကိုလည်း အဆိုးတွေချည်းမမြင်တော့ဘူးပေါ့။ အနည်းဆုံးတော့ ကိုယ့်စိတ်လေးကြည်နေရင် ကိုယ်နေပျော်တယ်၊ ကိုယ့်ဘေးမှာရှိတဲ့သူတွေပါ အနည်းနဲ့အများ အကြည်ဓာတ်ရတာပေါ့။
ဓာတ်ဆီနံ့စွဲကျန်နေတဲ့ ခွက်လိုမဟုတ်ဘဲ သန့်ရှင်းတဲ့ခွက်အကြည်လို အနံ့ကင်းစင်ကြည်လင်တဲ့ စိတ်ကလေးများပိုင်ဆိုင်ကြပါစေရှင်။
ရိုသေလေးစားရတဲ့ ဆရာကြီးတစ်ပါး ပြောပြခဲ့တဲ့ ဓာတ်ဆီစော်နံတဲ့ ရေတစ်ခွက် ပုံပြင်လေးနဲ့အတူ မိမိရဲ့အတွေးစာစုလေးကို မျှဝေလိုက်ပါတယ်ရှင်။
ဘုံသျှီ (လေပြည်)
၂၀-ဇန်နဝါရီလ-၂၀၂၄

Comments

Popular posts from this blog

အောင်မြင်မှုကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲ။