အောင်မြင်မှုကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲ။

အောင်မြင်မှုကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲ။ ဒီမေးခွန်းက ပညာသင်ဆုလျှောက်တဲ့ခါ ကျွန်မကိုမေးခဲ့တဲ့ မေးခွန်းတွေထဲက စိတ်ထဲစွဲကျန်နေစေခဲ့တဲ့ မေးခွန်း၂-၃ ခုထဲက တစ်ခုပါ။ "အောင်မြင်မှုကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲ" ဒီမေးခွန်းမေးတာနဲ့ ကျွန်မမှာဖြေဖို့ရာ ချက်ချင်းထွက်မလာခဲ့ဘူး။ အောင်မြင်မှုကို အဓိပ္ပါယ်ဖွင့်ဖို့ဆိုရင် ကျွန်မ စာတစ်ကြောင်းနဲ့ မပြောတတ်ဘူးလို့ အရင်ပြောလိုက်တယ်(ပွင့်ပွင့်လင်းလင်းပေါ့)။ ငယ်ငယ်ကတော့ အဆင့်ကောင်းရင်(သို့) အမှတ်ပြည့်ရရင် အောင်မြင်တယ်လို့ခံစားရတယ်၊သူများထက် သာလို့ဆိုတာထက် အမေအဖေ ပျော်လို့၊အိမ်သူအိမ်သား၊မိသားစုတွေပျော်ရွှင်ပြီး ခေါက်ဆွဲ၊မုန့် တူတူလုပ်စားကြတော့ အဲ့လိုအချိန်လေးတွေ ကိုယ့်ကြောင့်ရတယ်ဆိုပြီး ခံစားရလို့ဂုဏ်ယူပျော်ရွှင်ရလို့။ ဒါပေမယ့် တက္ကသိုလ်ရောက်တော့ အဲ့လိုမဟုတ်တော့ဘူး (အမှတ်ကလည်း မကောင်းတော့ဘူးလေ-ဒါလည်း အမှန်တိုင်းဝန်ခံတာ)။ အဲ့တုန်းက ကျွန်မရဲ့အဓိပ္ပါယ်ဖွင့်ဆိုပုံကျတော့ ကျွန်မရခဲ့ဖူးတဲ့ အတွေ့အကြုံ (အဓိကတော့ ပြိုင်ပွဲအတွေ့ကြုံ) တွေဝေမျှပေးလိုက်လို့ တခြားသူအတွက် အထောက်ကူဖြစ်ပြီး သူတို့အောင်မြင်မှုရရင် ကိုယ်ပါအောင်မြင်တယ်လို့ခံစားရတယ်လို့။ကိုယ်ကြည့်ခဲ့တဲ့ ဂျူနီယာတွေ တော်တော်များများ ဆုအလီလီရခဲ့ကြတာ ကိုယ့်ရသလို အောင်မြင်မှုကိုခံစားရတယ်လေ။ အခုကော ဆိုပြီး မေးတော့ကျ (အခုဆိုတာ အဲ့အင်တာဗျူးဖြေတုန်းက)အခုက ကျွန်မက အလုပ်လုပ်နေတာဆိုတော့ ကိုယ်အရင်က ရခဲ့တဲ့ အတွေ့ကြုံတွေကို ချိန်ထိုးချိန်ဆပြီး အလုပ်တွေကို ပိုကောင်းအောင် လုပ်နိုင်တယ်လို့ခံစားရရင် အောင်မြင်တယ်လို့ ယူဆပါတယ်လို့ဖြေခဲ့တယ်။ ဒါက ကျွန်မ ၂ မိနစ်လောက်အတွင်း ပြောလိုက်တဲ့အဖြေပါ။ သေချာပြန်စဉ်စားကြည့်တော့ အောင်မြင်မှုကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲ ဆိုတာကို ခုနေဖြေရရင် စိတ်ကောလူကောကျန်းမာပြီး ကိုယ့်ဘေးမှာရှိတဲ့အဝန်းဝိုင်းလေးမှာ ကိုယ်လုပ်နိုင်သလောက်လေးကို အကောင်းဆုံးလုပ်နိုင်နေသရွေ့ အောင်မြင်မှုပါလို့ ပြောရပါလိမ့်မယ်။မှောင်မိုက်နေတဲ့အဝန်းဝိုင်းမှာ အလင်းစက်တစ်ဖြစ်၊ မဲမှောင်နေတဲ့လမ်းတွေထဲ ဖြတ်ရတဲ့ခါလည်း မဆုတ်မနစ်သော ဇွဲလုံလနဲ့ဖြတ်သန်းတတ်သူအဖြစ်လည်းကောင်း ကိုယ်ဘေးရပ်ဝန်းမှာအဲ့လိုဖြစ်နေသရွေ့ အောင်မြင်မှုကိုထွေးပိုက်ပိုင်ဆိုင်သူအဖြစ် အဓိပ္ပါယ်ဖွင့်ပါမယ်လို့ဖြေပါမယ်။ ကိုယ့်ဘေးက အဝန်းအဝိုင်းဆိုတာ၊ ငယ်ကတော့ ကိုယ့်မိသားစု၊ တဖြည်းဖြည်းကြီးလာတော့ မိသားစု၊၊သူငယ်ချင်းမိတ်ဆွေအပါ မြတ်နိုးတန်ဖိုးထားရတဲ့အရာတွေ၊ တဖြည်းဖြည်းနဲ့ ကိုယ့်ရပ်ရွာ…. တိုင်းပြည်(ဖြစ်နိုင်ရင် နီးစပ်တဲ့ နိုင်ငံတွေအပါပေါ့) ဒါတွေပေါ့။ ဒါတွေလုပ်နိုင်ဖို့ ကျန်းမာဖို့(ကိုယ်+စိတ်)အရေးကြီးပြန်တယ်။ ဖြစ်ချင်တာတွေဖြစ်နိုင်ဖို့နဲ့ လုပ်ချင်တာလုပ်နိုင်ဖို့ ကျန်းမာရေးက မရှိမဖြစ်အရေးကြီးလှပါတယ်။ နေ့တိုင်းအောင်မြင်တယ်လို့ခံစားရဖို့ဆိုတာ မသေချာပေမယ့် ကိုယ်ဟာတစ်ပါးသူ အမှောင်ထဲလျှောက်ချိန် အလင်းစက်ဖြစ်ခဲ့ဖူးတဲ့တချို့သောပိတီများနဲ့ ခါးသီးတဲ့နေ့တချို့ကိုဖြတ်သန်းနိုင်ကြမယ်လို့လည်းယုံကြည်မျှော်လင့်ရင်းနောက်ဆုံးအရမ်းသဘောကျတဲ့ စာစုလေးနဲ့ အဆုံးသတ်ပါရစေ "အောင်မြင်မှုဆို တာ တစ်ခန်းရပ်ဉီးတည်ချက်မဟုတ်ပါဘူး၊ အမြဲမပျက်လျှောက်လှမ်းသွားရမယ့် ခရီးပါ"။ စာဖတ်သူတို့ရဲ့ စိတ်ထဲက အောင်မြင်မှုအဓိပ္ပါယ်ကို မှတ်ချက်မှာ ဝေမျှပေးကြပါအုန်း။ အားလုံးကျန်းမာပျော်ရွှင်ကြပါစေရှင်။ ၂၀၊ဂျူလိုင်၊၂၀၂၄။ ဘုန်သျှီ (လေပြည်) #Pannbytheriver

Comments

Popular posts from this blog