သူငယ်ချင်းကောင်း

သူငယ်ချင်းကောင်းဆိုတာ သင်ဖြစ်နိုင်တဲ့ အကောင်းဆုံးအရာတွေထဲက တစ်ခုဖြစ်သလို
သင်ပိုင်ဆိုင်နိုင်တဲ့ အကောင်းဆုံးအရာတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။


ဘဝရဲ့ အနှိမ့်အမြင့် အတက်အကျ တွေမှာ သူငယ်ချင်းကောင်းတွေက မရှိမဖြစ်လိုအပ်တဲ့ အထောက်အမပါ။ ပြိုလဲကျခါနီးအရာကို ကျားကန်ပြီး၊ ပြန်ထူပေးတဲ့သူနဲ့တူတဲ့ လူသားများလို့ ပြောရရင်ပိုတိကျလိမ့်မယ်။ ခုချိန်ထိ တွေ့ကြဆုံကြပြီး ခင်မင်ခဲ့ကြတဲ့ မိတ်ဆွေတွေ အများကြီးရယ်။ အဲ့ထဲမှာမှ အနှိမ့်အမြင့် အတက်အကျများကြား အတူတူဖြတ်သန်းခဲ့ကြတဲ့ မိတ်ဆွေကောင်းလို့ ဆိုသူတွေက လက်ချိုးရေလို့ ရတယ်ရယ်။ 

တဖက်မှာ ကျွန်မဟာလည်း လူတချို့အတွက်ဘဲ မိတ်ဆွေကောင်းအနေနဲ့ ရှိနိုင်ခဲ့တယ်။ဒါကြောင့် လူတိုင်းလူတိုင်းအတွက်တော့ ကျွန်မဟာ မိတ်ဆွေကာင်း ဖြစ်မနေနိုင်ဘူးဆိုတာ ကျွန်မ အမြဲလက်ခံထားတဲ့အရာပါ (ဒါပေမယ့် လူကောင်းအနေတော့ ရှိနိုင်တယ်၊ဖြစ်ရမယ်၊ ဒါကအခြေခံအချက်မဟုတ်လား)။ တချို့တွက် ကိုယ်ဟာ အံဝင်ခွင်ကျ ဖြစ်မနေတာလည်း ပါနိုင်သလို တချို့အတွက် ကိုယ်က energy match မဖြစ်ခဲ့တာလည်းပါမှာပေါ့။ ထားပါတော့ သူငယ်ချင်းကောင်း (သို့်)မိတ်ဆွေကောင်းကို ဘယ်လို နားလည်လဲလို့မေးရင် ကြိုးစားအားထုတ်နေတုန်းကာလမှာ တွန်းအားအဖြစ်၊ လဲပြိုကျတဲ့ခါ ပြန်ထနိုင်အောင် အားယူကိုင်ဆုပ်နိုင်တဲ့လက် ကမ်းပေးသူအဖြစ်၊ အဆိုးဆုံးအချိန်တွေမှာ ပြန်စနိုင်အောင် အားပေးတတ်သူနဲ့ အရေးကြီးဆုံးက အောင်မြင်မှုရတဲ့ခါ လှိုက်လဲစွာ ဂုဏ်ယူလက်ခုပ်တီးနိုင်တဲ့သူလို့ တစ်ရာရာခိုင်နှုန်း ခံယူလက်ခံထားပါတယ်။  လဲပြိုကျချိန် ရှောင်ထွက်သွားကြသူက မိတ်ဆွေစစ်မဟုတ်မှန်း လူတော်တော်များများ လက်ခံကြတယ်။ ဒါပေမယ့် အောင်မြင်မှုတစ်ခုခု ရလာတဲ့ ခါ အတူတူဝမ်းမသာနိုင်တာကလည်း ဒါဟာမိတ်ဆွေကောင်းရဲ့လက္ခဏာဟုတ်မနေဘူး မဟုတ်လား။ မှတ်မှတ်ရရ သူငယ်ချင်းမိတ်ဆွေတွေ (အခင်ရဆုံးနဲ့အချစ်ရဆုံး သူငယ်ချင်ကောင်းတွေ) သူတို့ အောင်မြင်မှု တစ်ခုခု ရရင် မိမိကို ဦးဦးဖျားဖျား လာပြောတတ်ကြတယ်။ အဲ့ခါတိုင်း ကိုယ့်စိတ်ထဲကော အပြင်ကပါပြောလေ့ရှိတဲ့ စကားရှိတယ် " ကြိုးစားရကျိုးနှပ်ပြီလေ၊နင်ဒီအောင်မြင်မှုကိုရတာ ငါရလိုက်သလိုဘဲ ပျော်ရတယ်နော်၊ you deserve it" ဆိုပြီး ပြောလေ့ရှိတယ်။ ဘာလို့များလဲ။ ကိုယ်တိုင်အဲ့လိုပြောခံရဖူးလို့၊ အဲ့လို တူတူပျော်ပေးတဲ့ သူငယ်ချင်းရှိတာ ဘယ်လောက်တောင် စိတ်ပျော်ရွှင် ကြည်နူးဖို့ကောင်းလဲဆိုတာသိလို့ပါဘဲ။ ကိုယ်တိုင်လည်း ကျွန်မသူငယ်ချင်း (သူငယ်ချင်းကောင်း)ကို ဒီလိုလေးပြန်ခံစားစေချင်တယ်။ ဟာ...... မပြောလည်းရပါတယ် သူသိပါတယ်လို့ ပြောရင် ပြောလိုက်တော့ သူထပ်သိရ၊ ထပ်ကြားရတာပေါ့လို့ ပြန်ပြောပါရစေနော်။ 

တစ်ခါခါ စိတ်အခန့်မသင့်ဘူး၊ ကိုယ် ရွေးစေချင်တဲ့ ဟာမရွေးကြလို့ ဆူဆူပူပူ ရှိရင်တောင် (ရှိကိုရှိတတ်ပါတယ်) ခဏထက်မပိုဘူး၊ သူလိုတဲ့ချိန် ရှိဖို့ အသင့် ဖြစ်နေတတ်ကြတုန်းဘဲ။ ကိုယ်တစ်ခုခု ဖြစ်နေတာမပြောလည်းသိတယ် ဆိုတဲ့သူငယ်ချင်းမျိုးကို သူငယ်ချင်းကောင်းလို့ ပြောတတ်ကြတယ်။ ကျွန်မတော့ အဲ့တာထက် ကိုယ့်ဘာလို့ ဒီလိုဖြစ်နေတယ် ဆိုတာ နားလည်လာအောင်၊ ဖြစ်နေတဲ့ပြသနာကို ပြသနာကွန်ယက်ကြားမှာ နေပြီး မွန်းကျပ်နေချိန် ပြသနာကို အပြင်ကနေ ကြည့်တတ်အောင် ပိုပြီးအမြင်ကြည် နားလည်လာအောင် တွဲခေါ် နိုင်တဲ့သူလို့ သူငယ်ချင်းကောင်းလို့ ကျွန်မက ပိုပြီးလက်ခံပါတယ်။ 

ဆိုတော့ ကိုယ်က သူငယ်ချင်းကောင်းဖြစ်နေရဲ့လား ၊ ကိုယ့်မှာ သူငယ်ချင်းကောင်း၊ မိတ်ဆွေစစ် မိတ်ဆွေမှန် ရှိနေရဲ့ လားဆန်းစစ်ကြပါအုန်းစို့လေ။ ဒီစာကိုဖတ်ကြည့်လို့ မိတ်ဆွေတစ်ဦးတစ်ယောက်(သို့) တစ်ဦးထက်ပိုသောသူတွေကို သတိရမိရင် ဒီစာကို မျှဝေဖို့ဖဖိတ်ခေါ်ချင်ပါတယ်ရှင်။ 


၁၉-ဩဂုတ်လ-၂၀၂၄ (PT 23:53) အချိန်မှာ အဝေးက သူငယ်ချင်းများကို သတိရခြင်းများစွာနဲ့ ရေးလိုက်ရပါတယ်။

ဘုံသျှီ (လေပြည်)

Image from The Pioneer Woman website. 

Comments

Popular posts from this blog

အောင်မြင်မှုကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲ။